စစ်အစိုးရက သံဃာတော်တွေကို သတင်းစာများ၊ ရေဒီယိုများကနေ စွတ်စွဲပုတ် ခတ်နေတာကို အလွန်စိတ်မချမ်း မသာဖြစ်ရတဲ့ အကြောင်းနဲ့ ရဟန်းတော်တွေ ကို အာဏာနဲ့ သင်္ကန်းဝတ်ချွတ်ခိုင်းလျင် လူဖြစ်သွားပါသလားဆိုတဲ့ အကြောင်း ဒကာက ဆရာတော်တစ်ပါးကို လျှောက်ထားမေးမြန်းပါတယ်။ ဘုန်းကြီး မဖြေပါ ရစေနဲ့။ နိုင်ငံရေးကနေ ဝေးဝေးပဲ နေပါရစေ၊ ဘုန်းကြီးက သူတို့ကို ဥပေက္ခာပြု ထားတယ်လို့ မိန့်သတဲ့၊ ၄င်းဆရာတော်ရဲ့အဖြေကို အားမရလို့ဆိုပြီး စာရေးသူကို မေးပြန်ပါတယ်၊ အောက်မှာရေးထားတဲ့အတိုင်း ဖြေလိုက်တယ်၊ ဒကာသဘော ကျဖြစ်သွားအောင် ဖြေခဲ့တာတော့ မဟုတ်ပါဘူး။
ဥပေက္ခာဆိုတာ မျှတမှုသဘောဖြစ်တယ်၊ ဘက်လိုက်မှု သဘောမရှိဘူး၊ ဖြစ်ပျက်မှု သဘောတရားတွေကိုလည်း ဖြစ်ပျက်တဲ့အတိုင်း၊ ရှိတဲ့အတိုင်း မယိမ်း မယိုင် လက်သင့်ခံမှု သဘောဖြစ်တယ်၊ မဆိုင်သလိုနေမှု မဟုတ်ဘူး၊ တကယ့် လက်ရှိ ဖြစ်ပျက်နေမှုတွေကို ငြင်းဆန်မှုလည်း မဟုတ်ဘူး၊ ဥပေက္ခာစစ်စစ် ဆိုတာ ကောင်းတဲ့အရာကို ကောင်းတယ်လို့ လက်ခံတယ်၊ သို့ပေမယ့် သာယာ ကျေနပ်မှုသဘော မရှိဘူး၊ မကောင်းတာကိုလည်း မကောင်းတဲ့အရာလို့ အမှန် အတိုင်း အသိအမှတ်ပြုတယ်၊ သိုပေမယ့် အလိုမကျမှု စိတ်ဆင်းရဲမှု သဘော မဖြစ်ဘူး၊ ဒါ့ကြောင့် ကိုယ့်ရဲ့ တာဝန်ခံလိုမှု ကင်းတဲ့စိတ်ဓာတ်မျိုး၊ တကယ့် အရှိသဘောကနေ ရှောင်ပြေးလိုစိတ်မျိုးကို လွယ်လွယ်ကူကူ ဥပေက္ခာ သဘော တရားလို့ မမှတ်ထင်သင့်ဘူး။
နောက်ပြီးလည်း အကြောက်တရားကို ဥပေက္ခာဆိုတဲ့စကားလုံးနဲ့ အစားမထိုးသင့်ဘူး၊ တာဝန်ယူလိုမှု ကင်းတဲ့စိတ်ကိုလည်း အေးအေး ဆေးဆေး နေတတ်သူ တစ်ဦးအနေနဲ့ မလှည့်စားသင့်ဘူး။ ပညာရှိဆိုတာ မပြောသင့်တဲ့ အရာမှာနှုတ်ဆိတ် နေတတ်ပေမယ့် ပြောစရာရှိလျင် မိုးသီးမိုးပေါက်ပမာ ပြောတတ်တယ်။ ပြောရာမှာလည်း ကြောက်ရွံ့ထိတ်လန့် မနေဘဲ ခြင်္သေ့မင်းပမာ ရဲရင့်ပြတ်သားတယ်၊ ခု ဗမာပြည်မှာဖြစ်နေတဲ့ အနေအထားက ရဟန်းတော်များ အနေနဲ့ ဘယ်လိုအကြောင်းကြောင့်မှ နှုတ်ဆိတ်နေရမည့်အခြေအနေ မဟုတ်ဘူး နိုင်ငံရေးဆိုတာကို ကျဉ်းမြောင်းတဲ့စိတ်ဓာတ်နဲ့ နားလည်လက်ခံပြီး အစိုးရ မဟုတ်တာလုပ်တာကို ထောက်ပြဝေဖန်သူကိုမှ နိုင်ငံရေးလုပ်သူလို့ မမှတ်ယူ သင့်ဘူး၊ မကောင်းတာကို မကောင်းဘူးပြောသူနဲ့ ကောင်းတဲ့အရာကို ကောင်းတယ်လို့ ပြောတာဟာ အတူတူပဲဖြစ်တယ်။ အဲ မကောင်းတာကို မကောင်းမှန်းသိလျက် ကိုယ့်ကျိုးအတွက်ကြည့်ပြီး ကောင်းတယ်လို့ ပြောသူ ကသာ ယုတ်ညံ့တဲ့ နိုင်ငံရေးလုပ်သူဖြစ်တယ်။ မကောင်းမှန်းသိလျက် ကပ်ရပ် ပေါင်းသင်း စားနေသူများ အခွင့်အရေးယူနေသူများသာ အောက်ကျတဲ့ နိုင်ငံရေး လုပ်စားနေသူများဖြစ်တယ်။ ခုလောက် စော်ကားမော်ကား ဖျက်လိုဖျက်ဆီး လုပ်တာကိုမှ အမှန်အတိုင်း ထုတ်ဖော်ဖို့ မ၀ံ့ဘူးဆိုလျင်၊ ကာကွယ်တားဆီးမှု မရှိဘူးဆိုလျင် သာသနာပြုတယ်၊ သာသနာ့တာဝန် ထမ်းဆောင်နေကြတယ်ဆို တာ ဘာကိုလုပ်နေကြတာလဲ၊ ဘာအတွက်လုပ်နေကြတာလဲလို့ မေးခွန်းထုတ် စရာဖြစ်လိမ့်မယ်။
နိုင်ငံရေးဆိုတာကို ကိုယ်လိုသလို အဓိပ္ပါယ်ဖွင့်ပြီး ရဟန်းတော်တွေ အနေနဲ့ နိုင်ငံရေးနဲ့ ဝေးဝေးမှာ နေသင့်တယ်လို့ ဆင်ခြေပေးလို့ရတယ်။ သို့ပေမယ့် ခုဖြစ်နေတဲ့အနေအထားက နိုင်ငံရေးသက်သက်မဟုတ်ဘူး။ လူမျိုးရေး သက်သက်လည်း မဟုတ်ဘူး။ သာသနာကိုပါ စော်ကားလာတဲ့ လုပ်ရပ်ဖြစ်တယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက လက်ခံထားတဲ့ ”လူ့ယဉ်ကျေးမှု မထိန်းသိမ်းသူ”ရယ်လို့ အလွယ်တကူ အမည် တတ်လိုက်တာထက် ကိုယ့်မှာရှိနေနှင့်ပြီးသား ဘာသာတရားရဲ့ အလှစံနှုန်းတွေကို ဖျက်ဆီးပစ်လိုက်တာက ပိုပြီးအန္တရာယ်ကြီးတယ်။ ယဉ်ကျေးမှုကို ပိုပြီးဖျက်ဆီးရာရောက်တယ်။
ရဟန်းစစ် ရဟန်းမှန်တွေကို ရဟန်းတုတွေလို့ စွပ်စွဲတာဟာ သာမန်ကြည့်ရင် ပုဂ္ဂိုလ်ကိုစွပ်စွဲတာလို့ ထင်စရာရှိတယ်။ တကယ် တော့ ရဟန်းစစ်စစ်တစ်ပါးကို ရဟန်းတုလို့ စွပ်စွဲလိုက်တာဟာ ဘုရားရှင်ကိုပါ စွပ်စွဲပုတ်ခတ်လိုက် ခြင်း ဖြစ်တယ်။ ရဟန်းတော်တွေဆိုတာ ဘုရားရှင်ပညတ်ထားတဲ့ ကျင့်ဝတ်စည်း ကမ်း နည်းလမ်းများနဲ့ အညီ မြင့်မြတ်တဲ့ ရဟန်းအဖြစ်ကို ရောက်ရှိလာသူများ ဖြစ်တယ်။ ရဟန်းတော်ကိုယ်တိုင် စိတ်ပါလက်ပါ သိက္ခာချမှ ရဟန်းအဖြစ်ကို စွန့်လွှတ်လိုစိတ်ရှိမှ သိက္ခာကျတယ်။ ရဟန်းတော်များအနေနဲ့ ရဟန်းအဖြစ် ကနေ ပျက်ယွင်းစေနိုင်တဲ့ ပါရာဇိကခေါ် သိက္ခာပုဒ်တစ်ခုခု မလွန်ကျူးသမျှ ရဟန်းစစ်စစ်တွေပဲဖြစ်တယ်။ တကယ်လို့ ပါရာဇိကအောက်နိမ့်တဲ့ သိက္ခာပုဒ် တစ်ခုခုကို ကျူးလွန်ခဲ့လျင်တောင်မှပဲ ဘယ်လိုမှ ရဟန်းတုတွေရယ်လို့ စွပ်စွဲလို့ မရဘူး။ ဘယ်သူတစ်ဦးတစ်ယောက်မှလည်း ဗုဒ္ဓပညတ်ထားတဲ့ ရှိနေပြီး သိက္ခာပုဒ်တစ်ခုကို ကိုယ့်သဘောနဲ့ကိုယ် ပြင်ဆင်ခွင့် မရှိဘူး။ နှုတ်ပယ်ခွင့်မရှိဘူး ထည့်စွက်ခွင့်လည်း မရှိဘူး။ ဒါကြောင့် ကွပ်ညှပ်လို နှိပ်ကွပ်လိုတဲ့ စိတ်ထားနဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော်သံဃာ့မဟာနာယကရဲ့ (စစ်ဗိုလ်အလိုကျ) ဥပဒေတွေကို ကျူးလွန်လို့လည်း ရဟန်းတော်တွေကို ရဟန်းတုတွေလို့ မဆိုနိုင်ဘူး။ ဆိုခွင့်လည်း မရှိဘူး။ ဘာမဟုတ်တဲ့ ထမီကြားက စစ်ဗိုလ်တွေ ထုတ်ထားတဲ့ ဥပဒေသတွေ၊ လူပြန်တော်တွေ ထုတ်တဲ့ ဥပဒေသတွေ အတွက် တော့ ထည့်သွင်း စဉ်းစားနေဖို့် မလိုဘူး၊ ရိုင်းစိုင်းတဲ့စိတ်ထား ယုတ်မာတဲ့ အကြံအစည် ကောက်ကျစ်တဲ့ အတွေးအခေါ် အောက်ကျတဲ့ အပြုအမူ များကြောင့် စွပ်စွဲပုတ်ခတ်မယ်ဆိုလျင်တော့လည်း အဲဒီ ငမိုက်သားတွေ အတွက်တော့ သူတို့ပြုတဲ့ ကံကပဲ သူတို့ကို စီမံသွားပါလိမ့်မယ်။
သေချာတာကတော့ ရဟန်းစစ်စစ်တွေကို ရဟန်းတုတွေပါလို့ စွပ်စွဲ ပြောဆိုခြင်းဟာ မြတ်စွာဘုရားရဲ့ အာဏာတော်ကို ရှုတ်ချကဲ့ရဲ့ ခြင်းသာဖြစ် တယ်။ တမင်သက်သက် သံဃာတော်တွေကို စွပ်စွဲပုတ်ခတ်ခြင်းသာဖြစ်တယ်။ သာသနာတော်ကို ထောက်ပံ့ ကိုးကွယ်နေသူတွေရဲ့ သဒ္ဓါတရားကို ဖျက်ဆီးဖို့ သာဖြစ်တယ်။ စွပ်စွဲပုတ်ခတ်ဖျက်ဆီးတဲ့ ဒီပုဂ္ဂိုလ်တွေရဲ့ သွားရာလမ်းဟာ ငရဲမှ တစ်ပါး တခြားမရှိနိင်ဘူး။ ဒီလူယုတ်တွေအနေနဲ့ နောင်တမလွန်မှသာ အတိဒုက္ခ ရောက်ကြရမှာ မဟုတ်ဘူး။ ခုပစ္စုပ္ပန် မသေမီမှာပင် တစ်နည်းနည်းနှင့်တော့ သူတို့ပြုလုပ်ထားတဲ့ အကုသိုလ်ကံရဲ့ အကျိုးဆက်ကို ဧကန်မုချ ဆက်ဆက်ခံစား ရမှာဖြစ်တယ်။ သာသနာတော်ကို ဖျက်ဆီးသူတွေရဲ့ အပေါင်းအပါများလည်း မကောင်တဲ့ဘေးဆိုးတွေကို မျှဝေခံစားကြရလိမ့်မယ်။ ဒီတော့ ဒကာ စိတ်ပျက်မနေနဲ့။ လုပ်သင့်လုပ်ထိုက်တဲ့ ကုသိုလ်ဖြစ်ဖွယ် အလုပ်တွေကို ဆက်လက်ပြီးသာလုပ်ပါလို့ ဒကာကို ပြောလိုက်တယ်။
အရှင်ဉာဏိက