Showing posts with label မာတိကာ. Show all posts
Showing posts with label မာတိကာ. Show all posts

ငြိမ်းချမ်းရေးခရီးရှည်လမ်းလျှောက်ပွဲအား သာသနာ့ဦးသျှောင်အဖွဲ့က ထောက်ခံ

စင်္ကာပူရောက်မျိုးချစ်မြန်မာအဖွဲ့မှ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်အား ထောက်ခံ

ငြိမ်းချမ်းရေးသံတမန်များသို့………………..။

ကျွန်းသီဟိုဠ် လင်္ကာဒီပ
လမ်းလျှောက်ကြ ဒီခရီးမှာ
ထီးမပါ နေပူလွန်းတော့
သွေးခြေဥလျက်
လျှောက်ရခက်၏။ ။

ကျွန်းသီဟိုဠ် လင်္ကာဒီ
လမ်းလျှောက်ကြ သည်ခရီးမှာ
နေမသာ မိုးရွာလွန်းတော့
အအေးမိလျှက်
ခရီးဆက်၏။
ဂေါလ်မြို့နဲ့ ကိုလံဘိုလ်
မိုင်(၇၀)ကျော်ခရီး
ခြေလျှင်မနီးပါသော်လည်း
မြန်မာပြည်သာစေကြောင်းရယ်နဲ့
ကမ္ဘာမြေ အေးစေကြောင်းရယ်လို့
တောင်းဆုပတ္တာဆင်လို့
ထေရ်သံဃာ အရှင်မြတ်တွေက
ငါးရက်ကြာ လမ်းလျှောက်တယ်
(ပြည်ချစ်သူ သာကီသွေးတို့ရယ်)
ဗုဒ္ဓသာသာ ရောင်ဝါလင်းစေသောဝ်။
အမိမြန်မာ ငြိမ်းချမ်းသာစေသောဝ်
(long Distance Walking Compaign ပြုလုပ်ကြသော သီရိလင်္ကာနိုင်ငံရောက် မြန်မာသံဃာတော်များအား ဤကဗျာဖြင့် ကန်တော့ပါ၏ ဘုရား။ ။)
နေ၀န်နီ

မေတ္တာတရားနဲ့သာသနာ့စစ်သည်။ ငြိမ်းချမ်းလမ်းလျှောက် ပြည့်အာဇာနည်။

အရှေ့ ဆီကရောင်နီသန်း
ရစ်သမ်းမိုးသောက်၊ နေ့ သစ်ရောက်ပြီ။
ဇန်န၀ါရီ (၄)ရက်၊ လွန်ခဲ့တဲ့ နှစ် ၆၀ က
ဒီလို မနက်ခင်း၊
အလံတိုင်ပေါ်က ယူနီယံဂျက်အလံ
အောက်သို့ အဆင်း၊ ပျော်ရွှင်ခြင်းနဲ့ 
ဘုန်းဘုန်းရဲ့ အဖိုး၊ လက်ဖမောင်းခတ်
" ဒို့ တွေ ဗမာ လွတ်လပ်၊ ဥဒါန်းသစ်တစ်ရပ် " တဲ့ ။

နောက် (၁၉၆၂) နှစ်၊
ဘုန်းဘုန်းခမည်းတော်ရဲ့ ခေတ်။
စစ်တပ်သေနတ်ဆွဲ..နန်းရင်ပြင်ထဲ.
သွေးစွန်းတဲ့ ပလ္လင်..နေ၀န်းကရှင်ဘုရင်။

၁၉၈၈။.ဘုန်းဘုန်း ၈နှစ်သား..
အရေးအခင်းဖြစ်ပွါး၊ သေလိုက်ကြတဲ့လူတွေ
အချစ်ဆုံးသော၊ အကိုကြီးတစ်ယောက်
ခြေရာပျောက်။ ရေလည်းနောက်.
အမေ သောကရောက်လို့  နေစဉ်ငို။

တယောက်ထည်းကျန်တဲ့သား၊
မသေအောင်တဲ့ ၊ ပေးခဲ့တဲ့ သာသနာ့အမွေ။
ပထမကျော် ငယ်.လတ်. ကြီး၊
တဆင့်ပြီး တဆင့်
ပညာရည်မြင့် တဲ့သား
သာသနာ့ ကျောင်းသားမို့ 
အမေ့ အမွေရခဲ့ရ။
လယ်တွေရောင်း။ နွားတွေရောင်း။
ရှိသမျှ စုဆောင်းထားသမျှ
အိုစာမင်းစာတောင် မချန်။
သားတော်မောင်၊
သီရီလင်္ကာ.ပညာသင်စေရန်။

သေမဲ့နှစ်မှ စစ်ထဲလိုက်။
၂၀၀ရ။ ကံဆေါင်တဲ့ အခိုက်။
သံဃာထု ဖက်လိုက်။
သားလည်း ကံဆောင်ထိုက်တယ်အမေ။

စစ်သည်အဖေရဲ့၊ လက်နက်ကိုင်စစ်သား
ကံဆောင်စာရင်းမှာ ပါတာမို့ 
အားနာရွှေရင်ဆို့ သော်လည်း အမေ
ဒီတကာမ အလှု၊
သားလက်မခံမယူနိုင်တော့။
ဘာငွေမှဆက်လက် မထောက်ပန့် ပါရန်။
သားတော်မောင် မေတ္တာရပ်ခံ။

ရဟန်းအမ စစ်သည်ရဲ့ မယား။
မယ်တော် သားကိုခွင့်လွှတ်ပါ။
တာဝန်မကျေတဲ့ သားဆိုး.
သာသနာ့ ၀ိနည်းကို ရိုကျိုးတဲ့
သားမောင်ဘုန်းဘုန်း။
မယ်တော်မုန်း တော်မမူပါနဲ့ 

၂၀၀၈။ လွတ်လပ်ရေးနေ့ 
မနက်ခင်း နေရောင်ခြည်ဆမ်းချိန်
ငြိမ်းချမ်းရေး။ မေတ္တာ၏ဘက်တော်သားများ
ပရိက္ခရာ ရှစ်ပါး၊ သပိတ်အားလွယ်။
မုန်တိုင်းမည်းမည်း။ လေပြင်းကဲကဲ။
နေပူကြဲကြဲ။ မိုးသည်းသည်း။
မလဲမယိုင်။ ဇွဲခိုင်ခိုင်
(ရ၀) မိုင် ဆန္ဒပြခရီးကြမ်း။ မမောတမ်းခရီးနှင်။
သံဃာဂုဏ်ဆောင်၊
သားမောင် အာဇာနည်အရှင်။
မယ်တော် သာဓုခေါ်စေချင်

မသဒ္ဓါ (၁။၉။၂၀၀ရ) သီရိလင်္ကာမှ စာသင်ဘုန်းဘုန်းများသို့ ကိုယ်စိတ်နုတ်နှလုံး(၃)ပါး ဖြင့် ရိုသေမြတ်နိုး ရှိခိုး ပူဇော်ပါ၏ ဘုရား။

အစအဆုံး..ကြည့်ချင်ပါက....

နေသားတကျ..ပြန်ခေါက်ထားခဲ့ပါ ..

ငြိမ်းချမ်းရေးလမ်းလျှောက် ခရီးစဉ်အဆုံးသတ်ဓာတ်ပုံများ





ငါးရက်မြောက် ငြိမ်းချမ်းရေးခရီးစဉ်ကို UNရုံးရှေ့အဆုံးသတ်





သီရိလင်္ကာနိုင်ငံ သံဃာနာယကအဖွဲ့ဝင် ဆရာတော်တစ်ပါးမှ UN ရုံးရှေ့တွင် အဖွင့် အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံနှင့်သီရိလင်္ကာနိုင်ငံတို့သည် ပုဂံခေတ်ကတည်းကပင် သာသနာရေးအရ ဆက်သွယ်မှုရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ဖြစ်ပွားခဲ့သော စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကို စစ်အာဏာရှင်များအကြမ်းဖက်ဖြိုခွဲသည်ကို သိရသဖြင့် များစွာစိတ်မကောင်းဖြစ်မိပါကြောင်း၊ သီရိလင်္ကာနိုင်ငံအနေဖြင့် ဤအရေးအခင်းတွင် အစိုးရ၏လုပ်ရပ်ကို ရှုတ်ချကြောင်း၊
မြန်မာပြည်၌ဖြစ်နေသောအကြောင်းအရာများကို သီဟိုဠ်သံဃာတော်များအနေဖြင့် လျှစ်လျူမရှုသင့်ကြောင်း၊
သီဟိုဠ်အစိုးရအနေဖြင့်လည်း အစိုးရအချင်းချင်း သံတမန်ရေးအရ လုပ်ဆောင်သင့်ကြောင်း၊ အမရပူရနိကာယနှင့် ရာမညနိကာယတို့မှာ မြန်မာနိုင်ငံမှ ဆင်းသက်လာသော သံဃာဂိုဏ်းများ ဖြစ်ကြကြောင်းစသည်ဖြင့် မိန့်ကြားခဲ့ပါသည်။

ထို့နောက် ဂေါမြို့ရိပ်သာဆရာတော်မှလည်း ဇန်နာဝါရီ (၄)မှ (၈)နေ့အထိ ငါးရက်တိုင်တိုင် ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်းသည် မြန်မာလွတ်လပ်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လျှောက်ကြကြောင်း၊ ခရီးစဉ်အတွင်းမှာ ခက်ခဲမှုမျိုးစုံတွေ့ခဲ့ရသော်လည်း “စိတ်ရှည်ဇွဲသန်၊ သည်းညည်းခံ”ဟူသည်နှင့်အညီ အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ကြောင်း၊ သူအနေနဲ့လည်း မြန်မာပြည်လွတ်လပ်ရေးရရှိရေးနှင့် ကမ္ဘာငြိမ်းရေးအတွက် မြန်မာနိုင်ငံရဟန်းတော်များ၏လှုပ်ရှားမှုကို အပြည့်အ၀ ထောက်ခံအားပေး ဂုဏ်ယူပါကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါသည်။

သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ကိုယ်စား အရှင်သူရ၀ံသမှလည်း ငါးရက်တာခရီးစဉ်အတွင်း အဖက်ဖက်မှ ၀ိုင်းဝန်းကူညီကြသော သီရိလင်္ကာနိုင်ငံမှ ဆရာတော်သံဃာတော်များ၊ ဌာနဆိုင်ရာများ၊ ဆွမ်းဆက်ကပ်ကြသောတကာ၊ တကာမများအားလုံးကို ကျေးဇူးတင်ကြောင်း၊ ဤငါးရက်တာငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ကို ယခုကဲ့သို့ ကမ္ဘာတစ်ဝှမ်းလုံး၏ငြိမ်းချမ်းရေးအတွက် အားကိုးအားထားရာဖြစ်သောUNရုံးရှေ့တွင် အောင်မြင်စွာ အဆုံးသတ်နိုင်ခြင်းအတွက် အထူးဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံအတွင် ဖြစ်ပျက်သည့်အကြောင်းအရာနှင့်ပတ်သက်၍ မိမိတို့တောင်းဆိုထားသော-
၁။ ဖမ်းဆီးနှိပ်ဆက်မှုများ ချက်ချင်း ရပ်တဲ့ပေးရ၊
၂။ ရဟန်းရှင်လူများနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးအား အမြန်ဆုံးလွှတ်ပေးရန်၊
၃။ သက်ဆိုင်ရာ အတိုက်အခံအဖွဲ့စည်းများနှင့် အမြန်ဆုံး ညှိနှိုင်းဆွေးနွေး၍ တိုင်းပြည်၏ ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးရန် ဟူသော
အချက်သုံးကို ကုလသမ္မအဖွဲ့ကြီးမှ တာဝန်ယူဖြေရှင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်းစသည်တို့ကို ပြောကြားခဲ့ပါသည်။

UNရုံးအရာရှိက ပြန်လည်ပြောကြားရာတွင် ဤစာကို ကုလသမ္မအတွင်းရေးမှူး ဘန်ကီမွန်းထံ အမြန်ဆုံး ပို့ပေးမည်ဖြစ်ကြောင်း၊ စက်တင်ဘာအရေးအခင်းတွင် စစ်အာဏာရှင်များ၏ အကြမ်းဖက် နှိပ်နှင်းမှုသည် အမှန်တကယ် အရုပ်ဆိုးအကျည်းတန်သော လုပ်ရပ်ဖြစ်ကြောင်း၊ သူတို့အနေနှင့်လည်း ဤနအဖ၏လုပ်ရပ်ကို ရှုတ်ချကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါသည်။

ပင်လယ်ကြီးနဲ့ထပ်တူ သက်သေထူ

ဦးဇင်းတို့ ဇန်နာဝါရီလွတ်လပ်ရေး အနှစ်(၆၀)ပြည့်နေ့အထိမ်းအမှတ်အနေဖြင့် ဂေါမြို့ကနေ ကိုလံဘိုမြို့အထိ လမ်းလျှောက်ခြင်း ခရီးစဉ်သည် ယနေ့တွင် အဆုံးသတ်မည်ဖြစ်ပါတယ်။ မြန်မာပြည်လွတ်လပ်ရေးရရှိရေးနှင့် စစ်အာဏာရှင်စနစ်ဆိုးကြီးမှ လွတ်မြောက်ရန်အတွက် ဦးဇင်းတို့ လျှောက်ခဲ့တဲ့ လမ်းခရီးတစ်လျှောက် ကျခဲ့တဲ့ချွေတွေ၊ ပင်ပန်းဆင်းရဲမှုတွေဟာ သက်သေတစ်ခုဖြစ်ပါတယ်။ ဒီသက်သေဟာ ဂေါမြို့ရှိ ပင်လယ်ပြင်ကြီးနှင့်အတူ တည်ရှိနေမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလမ်းစဉ်သို့ ဦးတည်လျက်…………………………..။

ပဉ္စမနေ့လမ်းလျှောက်ခြင်းစတင်

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့သည် ယမန်နေ့က မော(တ်)လ၀ိန(Mount lavinia)ကျောင်းတွင် တည်းခိုသီတင်းသုံးကြပါသည်။ ထို့နောက် ပဉ္စမနေ့အနေဖြင့် လမ်းလျှောက်ခြင်းကို ရတနမာလမြို့မှ စတင်ထွက်ခွါပြီးနောက် ယခုအခါ (၇)ကီလိုမီတာ ဝေးကွာသော နေရာသို့ ရောက်ရှိနေပြီး ဆက်လက် ကြွချီလျက်ရှိပါတယ်။

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ UNရုံးရှေ့တွင် အဆုံးသတ်မည်

သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့သည် ဇန်နာဝါရီ(၄)ရက် မြန်မာလွတ်လပ်ရေး အနှစ်(၆၀)ပြည့်မြောက် အထိမ်းအမှတ်အနေဖြင့် သီရိလင်္ကာနိုင်ငံရှိ ဂေါမြို့မှ ကိုလံမြို့တော်သို့ ကီလိုမီတာ(၁၁၆)အကွာရှိ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ကို စတင်ကြွချီခဲ့သည်။ ယခုအခါ (၅)ရက်မြောက်နေ့အဖြင့် ကိုလံဘိုမြို့သို့ ရောက်ရှိတော့မည်ဖြစ်ပါသည်။ မနက်ဖြန်သည် ငြိမ်းချမ်းစွာလမ်းလျှောက်အဖွဲ့၏ နောက်ဆုံးခရီးစဉ် ဖြစ်ပါသည်။ ခရီးအဆုံးကို သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ UNရုံးရှေ့တွင် သတ်မှတ်ထားပါသည်။ မနက်ဖြန် ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့၏ အဆုံးသတ်အခမ်းအနားကို UNရုံးရှေ့တွင် ကျင်းပမည်ဖြစ်ပါသည်။

မောရဓူဝမြို့မှ ပိတိယရွာသို့ ဆက်လက်ကြွချီ

ငြိမ်းချမ်းစွာလမ်းလျှောက်နေကြသော သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့သည် မောရဓူဝမြို့တွင် နေ့ဆွမ်းစားပြီးနောက် မောရဓူဝမြို့နယ်၊ ပိတိယရွာသို့ ဆက်လက်ကြွချီလာခဲ့ကြပါသည်။ စတုတ္ထနေ့လမ်လျှောက်ခရီးစဉ်သည် (၁၆)ကီလိုမီတာခန့်တွင် ရပ်နားကြမည်ဖြစ်ပါသည်။ မနက်ဖြန်မှ ပန်းဝင်ခရီးဖြစ်သော ကိုလံဘိုမြို့သို့ ကြွချီလာခဲ့ကြမည်ဖြစ်ပါသည်။ မနက်ဖြန်သည် သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့၏ ငြိမ်းချမ်းစွာလမ်းလျှောက်ခရီးစဉ်၏ နောက်ဆုံးပန်းဝင်ကို ကိုလံဘိုမြို့ရှိ UNရုံးရှေ့တွင် အဆုံးသတ်မည်ဖြစ်ပါသည်။

ဇွဲကောင်းစွာ ကြွချီနေကြသော သံဃာတော်များအား နေ့ဆွမ်းလှူဒါန်း

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့သည် သီဝတမြို့မှ ထွက်ခွါလာပြီး မောရဓူဝမြို့သို့ နေ့ဆွမ်းအချိန်ရောက်ရှိလာပါသည်။ မောရဓူဝမြို့တွင်း ငြိမ်းချမ်းစွာလမ်းလျှောက်ကြွချီကြပြီး သီရိလင်္ကာနိုင်ငံတကာ၊ တကာမများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပိတိယရွာသို့ ဆက်လက်ကြွချီသွားမည်ဖြစ်ပါသည်။

သီဝတမြို့မရောက်ခင် ငြိမ်းချမ်းစွာလမ်းလျှောက်အဖွဲ့

သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့သည် ယနေ့တွင် စတုတ္ထနေ့အဖြစ် မေတ္တသုတ်ရွတ်ဆို ငြိမ်းချမ်းစွာလမ်းလျှောက်ခဲ့ကြပါသည်။ ဤဖော်ပြပါဓာတ်ပုံသည် သီဝတမြို့မ၀င်ခင် မှတ်တမ်းတင်ရိုက်ကူးထားသောပုံဖြစ်ပါသည်။

လွတ်လပ်ရေးနေ့သီဟနာဒ (သို့)ခြင်္သေ့ဆီနဲ့မောင်းတဲ့ခြေဖ၀ါးများ





ဇန်န၀ါရီလ(၃)ရက် ၊ ည(၁၁)နာရီ
" တကာကြီးက အေအိုအေဘီ ကဆရာဇင်ဝေသော်မဟုတ်လား "
"ဇင်ဝေသော်တော့ဟုတ်ပါတယ် ဆရာတော့မဟုတ်ပါဘူး၊ဘာအကြောင်းများလဲဘုရား "
"သတင်းပေးတာပါ တကာကြီးအနေနဲ့ ဆောင်းပါးရေးချင်ရေး လို့ရအောင်လို့ပါ၊ သတင်းအနေနဲ့ကတော့ သတင်းဌာနကြီးတွေ ကိုအကြောင်းကြားထား ပြီးပါပြီ။ "
"မနက်ဖန် ဇန်န၀ါရီလ (၄)ရက်နေ့မှာ ဦးဇင်းတို့သီရိလင်္ကာ ရောက်မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့က ငြိမ်းချမ်းစွာလမ်းလျှောက် ဆန္ဒပြကြမလို့ပါ ။ သံဃာတော် စုစုပေါင်း (၅၃)ပါးပါဝင်ကြမယ် အခုဦးဇင်းတို့ အားလုံးဂေါ(Galle)မြို့ကိုရောက်နေကြတယ် မနက်ဖြန် မနက်(၇)နာရီမှာ ဂေါမြို့ကနေ မြို့တော်ကိုလံဘို အထိငြိမ်းချမ်းစွာ ဆန္ဒပြလမ်း လျှောက် ကြမယ် ။ (၇၂) မိုင်ဝေးတာပေါ့ (၅)ရက်ကြာခရီးဆိုပါတော့ ။"
"သံဃာနည်းသွားရတာက BPU ( Buddhist and Pati University ) ကစာမေးပွဲမပြီး သေးလို့ပါ ။ ဒါကြောင့် BPU ကသံဃာတွေအနေနဲ့ စိတ်သွားတိုင်းကိုယ်မပါ ဖြစ်ကြရပါတယ်။ စာမေးပွဲကလည်း ရက်ရွေ့လို့မရ ၊လွတ်လပ်ရေးနေ့ကလည်း ရက်ရွေ့လို့မရလေ။"
" တကာကြီးတို့ စင်ကာပူကလှူတဲ့ သင်္ကန်းတွေ၊ န၀ကမ္မ၀ထ္တုတွေ လည်းရကြပါတယ်။ အဲဒီသင်္ကန်းတွေ ကိုရုံပြီးလမ်းလျှောက်ကြမှာပါ။ ဒါတွေအတွက်ဦးဇင်းတို့ကကျေးဇူးတင် တဲ့ အကြောင်းလည်း ထည့်ရေးလိုက်ပါဦး ယပ်တောင်တွေလည်းထမ်းထား ကြဦးမယ် အဓိပ္ပါယ် ကတော့တိုင်းသူပြည်သားတွေ ကြုံတွေ့နေရတဲ့ ဒုက္ခ၊သုခတွေကို ဦးဇင်းတို့က မျက်ကွယ်ပြု မထားကြပါဘူး၊ မျှဝေထမ်းပိုးထားကြမယ် ဆိုတဲ့သဘောပါ။"
" ဒါပါပဲ တကာကြီးရာ အိပ်များနေပြီလားလို့ အားနာနာနဲ့ ဆက်လိုက်ရတာ နောက်ကျ သွားရတာက အားလုံးစီစဉ်ပြီး မှဆက်လိုက်ရလို့ပါ ။ ဒါပါပဲတကာကြီး။ ဒီကိစ္စပြီးရင် ဦးဇင်းတို့ လည်း စင်ကာပူခဏကြွခဲ့ ကြဦးမယ် "
ကျွန်တော်လန့်သွားတယ်(သို့) လန့်ချင်ယောင်ဆောင်လိုက်တယ်။
" နေပါဦးဘုရား ၊ အရှင်ဘုရား တို့ကစင်ကာပူကိုလမ်းလျှောက် ကြွခဲ့ကြမှာလား "
"ဟားဟားဟားဟား တကာကြီးကတော့နောက်ပြီ"
ကျနော့ပျက်လုံးကြောင့် အရှင်ဘုရားလေးပျော်သွားပုံရတယ်၊ကျွန်တော်လည်းပျော်သွားတယ်။ ဒါပါပဲ ဖုန်းချတော့ ည (၁၁)နာရီခွဲ ။
ဒါနဲ့အစ်ကိုကြီးဆီ ဖုန်းဆက်ကြည့်တော့ မရတော့ဘူး။ တရားထိုင်နေလို့ ဖုန်းပိတ် ထားတာ လို့တော့ပြောတာပဲ ဟဲဟဲ ။ အစ်မကြီးကတော့ တရားထိုင်ပုံမရဘူး ဟဲဟဲ ဖုန်းဖြေတယ်။ ဘာမှမဟုတ်ဘူး ၀မ်းသာလို့ အချိန်မကြည့် ပဲခေါ်လိုက်မိတာပါ ။ ကျွန်တော် လည်းတရား ထိုင်မနေဘူး ဟဲဟဲ ။
မှတ်ချက်(ဟဲဟဲ နှင့်ပက်သက်ပြီးတောင်တွေး မြောက်တွေးမတွေးကြရန် )
ဇန်န၀ါရီလေးရက်
ဒီနေ့
ဆံပင်တစ်ချောင်းစ နှစ်ချောင်းစဖြူနေပြီ ဖြစ်တဲ့မကောင်းဆိုးဝါး လက်ဖ၀ါးကြမ်းထဲက နှစ်ခြောက်ဆယ်မြောက် ကျွန်တော်တို့လွတ်လပ်ရေးနေ့ ။
ဒီနေ့
မျိုးချစ်စိတ်ရှိတဲ့ စာရေးဆရာတိုင်း မီးဖုတ်ထားတဲ့ သံချောင်းနဲ့ မှရေးလို့ရမယ် ဆိုရင်တောင် အမျိုးသားရေး စာတစ်ပုဒ် ပြီးအောင်ရေးကိုရေးရမဲ့နေ့ ။
ဒီနေ့
အနုကြမ်းစီး ခံထားရတဲ့ လွတ်လပ်ရေး ပြန်ရဖို့ တို့ဖခင်ကြီးရဲ့ မိန့်ခွန်းတွေကို ရိုကျိုးစွာနာခံရင်း၊ တို့ဖခင်ကြီးရဲ့သွေး တွေကိုဌားရမ်းရင်း ရင်ခုန်သံပြင်းပြင်းတွေ အသက် ပြန်သွင်းရမဲ့နေ့ ။
ဒီနေ့
ဗိမာန်ဦးမှာ ဘီလူးကြမ်းတို့ စောင့်ပါစေ ၊ အာဇာနည်ဗိမာန်ကို အရောက်သွားပြီး အာဇာနည်များကို ရိုကျိုးစွာအလေးပြုရမဲ့နေ့ ။
ဒီနေ့
မနေ့ကမဟုတ် ၊ မနက်ဖန်မဟုတ်တဲ့နေ့
မကောင်းဆိုးဝါးတွေက မိစ္ဆာကြိမ်နဲ့ ရိုက်ပြီးအမေ့ ခိုင်းတာတောင် ကျောကွဲခံပြီး ငါတို့သတိရနေမဲ့နေ့။ မိစ္ဆာကြိမ်များကျရှုံးတဲ့နေ့ ၊ ရဲရင့်သူတို့ နှလုံးသွေးများ ပွင့်စင်လင်းလက် တဲ့နေ့ ။
ဒီနေ့
မြင့်မြတ်တဲ့ ခြေဖ၀ါးများ လမ်းလျှောက်တဲ့နေ့ ၊ ခြင်္သေ့နှလုံးသားများ မင်းမူစိုးအုပ် တဲ့နေ့၊ ခြင်္သေ့ဟောက်သံတွေနဲ့ တောခြောက်တဲ့နေ့ ၊ ကမ္ဘာမကြေသီချင်း အကြိမ်တစ်ထောင် ဆိုရမဲ့နေ့။
ကဲခင်ဗျားတို့ကြည့်လိုက်ကြ
(၇၂)မိုင်ဝေးတဲ့ခြေလျင်ခရီးတဲ့ ၊ ငါးရက်ကြာခရီးတဲ့ ပူစပ်စပ်ရာသီ မှာသင်္ကန်းကြီးတွေ ရုံလို့တဲ့ ၊ ယပ်တောင်ကြီးတွေ ထမ်းလို့တဲ့ ၊ ပြည်သူ့ရဲ့အပူကိုစာနာရင်း မျှဝေယူဖို့တဲ့ ၊ မကောင်းဆိုးဝါးတွေကိုမောင်းထုတ်ဖို့တဲ့ ။
လွတ်လပ်ရေးနေ့ ကိုဂုဏ်တူဝိသေသနပြုလိုက်တဲ့ အက်ဂျက်တစ်(adjective) ခြေဖ၀ါး များ ။
ဒါနဲ့ပဲကျနော့ရင်ဘက်ကို အရှင်မြတ်တွေ ရဲ့ခြေဖ၀ါးနဲ့ အပေါက်ခိုင်းပြီး အရှင်မြတ်တို့ သွေးတွေ ကူးစက်ပျော်ဝင်စေပြီး ခပ်ရိုင်းရိုင်းကြီး ရင်ခုန်ပစ်လိုက်တယ် ။ လက်ဖျားမှာလည်း သွေးတွေနဲ့နီစို့လို့ ၊ နုတ်ဖျားကလည်း " လွတ်လပ်ရေးသီဟနာဒ ၊ ခြင်္သေ့ဆီနဲ့မောင်းတဲ့ ခြေဖ၀ါးများ " လို့အရူးတစ်ယောက်လို တတွတ်တွတ် ( ချစ်သူရဲ့နာမည်ကို တဖွဖွရွတ်သလို မျိုးလည်းဖြစ်နိုင်ရဲ့ ) ရွတ်နေမိတယ်။
အကြွေစောခဲ့တဲ့ ကြယ်ပွင့်ကြီး " တာရာမင်းဝေ " ရဲ့ကြမ်းရှရှ စကားလုံးတွေကလည်း တအုံးအုံးနဲ့ မြောက်ကြွလာပြန်တယ်။

" ငါ့ရှင်တို့ကဘာလဲ
ငါကဘာလဲ
နာမည်တွေမြေကြီးပေါ်ပစ်ချပြီး
လှလှပပပြိုင်ရဲပါတယ်
တစ်နေ့နေ့တော့တွေ့ကြမယ်။
ငါကတော့မြက်ဖိနပ်နဲ့
ဒါပေမဲ့
မြင်းမိုရ်တောင်ကိုလည်း
လိုက်တက်ခဲ့မယ်
သွားနှင့်ကြပါ
ဟိုမှာ ဘုရားရှင်ရှေ့တော်မှောက်က
အိပ်မက်တွေနဲ့
ဒူးထောက်လဲကြနေတဲ့လူ
သူ့ကိုကူပါရစေဦး "
(တာရာမင်းဝေ)

ဧ၀ရက်တောင်ကို တောင်ကြီးဖ၀ါးအောက် လုပ်ပစ်ခဲ့ကြတဲ့ ခြေဖ၀ါးတွေရဲ့ အဓိပ္ပါယ်ကို ဖော်ကြည့်ဖူးခဲ့ ကြပါသလား။ တစ်ချို့တွေကကိုယ့် အတ္တကို ပွတ်တိုက် အရောင်တင် ၊အလံလွင့်ထူဖို့။
တစ်ချို့ကသူတစ်ပါးရဲ့ ဆင်းရဲတွင်းနက်နက်ကို ကူညီမြေညှိပေးဖို့။
ကဲကြည့်၊ ဧ၀ရက်တောင်တက် တာခြင်းအတူတူ မတူညီတဲ့ ခြေဖ၀ါးတွေရဲ့ ဦးတည်ရာ ။
(ရသဆောင်းပါး ထဲမှာမပြောချင်ပဲ ပြောရဦးမယ် ၊ တစ်ချို့က “ငါတောင်ထိပ်ပေါ်ရောက် ခဲ့တယ်ဆိုတဲ့ “ငါ” ဆိုတဲ့ အတ္တအတွက် ။ တစ်ချို့တွေက ဒီခရီးအတွက် ရလာသမျှ အလှူခံငွေတွေကို AIDS ရောဂါသည်တွေကူညီဖို့ ၊ အာဖရိကလူငယ်တွေ ကိုကူညီဖို့တောင် တက်တယ် စသည်၊ ရသသမား တွေကိုသစ္စာ ဖောက်ရာများရောက်သွားလေသလား၊ ခွင့်လွတ်ကြပါ။ ပြန်ရှင်းပြနေရတာကိုကဒုက္ခ)

ဒီအရှင်တွေရဲ့ ခြေဖ၀ါးတွေ ဘယ်ကို ဦးတည်နေ သလဲ ။
ကိုလံဘိုမြို့တော်ဆီကိုလား…..
မဟုတ်ဘူး။ ကျေးဇူးပြုပြီးကျွန်တော့် စကားကို နားထောင် ပေးကြပါ ၊ ဒီအရှင်တွေ ဦးတည်တဲ့ ရပ်ဝန်းဟာ ကိုလံဘိုကို မဟုတ်ဘူး။ (၅၂)သန်း ကျော် လူထုရဲ့ဒုက္ခတွင်းဆီကိုပါ။
(လန်ဒန်ကလမ်းလျှောက်ပွဲ အကြောင်း ကမ္ဘာ့ သတင်းဌာန တိုင်းကထုတ်လွှင့် နေချိန်မှာ ဂေါမြို့ (Galle)မြို့ကလမ်းလျှောက်နေတဲ့ (၇၂)မိုင် ခရီးစဉ် ကို ဘာကြောင့် သတင်းဌာနတိုင်း မထုတ်လွှင့် နိုင်ရတာလဲ ၊ ၀မ်းနည်းပက်လက် (၇၂)မိုင်နော် မနီး လှဘူး။)
ထားတော့ ပုဂ္ဂလိကခံစားချက်တွေ ၊
ကဲ ပြောကြ။
လူသားတစ်ယောက်မှ မပါဘူး၊ သံဃာ (၅၃)ပါး။
ဘုန်းကြီးတွေ ဆွမ်းစားပြီးရင် ခေါင်းမြီးခြုံပြီးအိပ် ကြတော့တာပဲလို့ ၊ ဒီလိုခပ်ညံ့ညံ့ စကားလုံးတွေ ဟာဒီအရှင်မြတ်တွေရဲ့ နန်းတော်တံခါးဝမှာ ခြေဦးတောင်လှည့်ခွင့်မရဘူး ၊ အဲဒီတံခါးဟာ ရဲရင့်တဲ့ခြင်္သေ့တွေ စောင့်ကြပ်တယ်။


အဲဒီနန်းတော်ဟာ မေတ္တာနက် (Mettanet) နဲ့စကြာဝဠာကို ဖြန့်ကျက်တယ်၊ အဲသလို ခမ်းနားတဲ့ နန်းတော်ဟာ စစ်အစိုးရရဲ့ မိစ္ဆာအိမ်အိုကို ပြန်ပြီး သရဲလို ခြောက်လှန့် နေလိမ့်မယ်။ ဒါဟာသေချာလွန်းမက သေချာ လွန်းလှရဲ့။

တိုင်းပြည်ကြီးအေးချမ်းသာယာတော့ အရှင်မြတ်တွေရဲ့ ခြေဖ၀ါးတွေဟာ အမတသုခ “နိဗ္ဗာန်” ဆီကိုဦးတည်လို့ ၊ အရှင်မြတ်တွေရဲ့စိတ်ဟာ သမာဓိ တွေနဲ့သက်ငြိမ်စီးမျောလို့ ၊အရှင်မြတ်တွေရဲ့ နုတ်ခမ်းတွေဟာ ပိဋကတ်တော် တွေနဲ့ထုံမွှမ်းလို့ ၊ အရှင်မြတ်တွေရဲ့ သင်္ကန်းအရောင် တွေဟာတာဝတိံသာကိုတောင် တုန်လှုပ်ရိုက်ခတ်လို့ ၊ ဘုရားရှင်ရဲ့ ရှေ့တော် မှောက်မှာ ဒူးထောက်ရိုသေလို့ ။
အခု……..
တိုင်းပြည်ကြီး မကောင်းဆိုးဝါးလက်ဖ၀ါး ကြမ်းထဲရောက်နေတော့ အရှင်မြတ်တွေရဲ့ ဖ၀ါးတွေဟာ တိုင်းသူပြည်သား တွေရဲ့လွတ်လပ်ရေးဆီကို ဦးတည်လို့။ အရှင်မြတ်တွေရဲ့ စိတ်ဟာမျိုးချစ်စိတ်တွေနဲ့ ထုံပေ ဗလောင်ဆူလို့ ။ အရှင်ဘုရားတွေရဲ့ နုတ်ခမ်းမှာ မေတ္တာ ပို့သံ တစ်ချို့ ၊ အံကြိတ်တောက်ခေါက်သံတစ်ချို့ ရောပြွမ်း ထုံမွှမ်းလို့ ၊ အရှင်မြတ်တွေရဲ့ သင်္ကန်း ရောင်တွေကလည်း မကောင်းဆိုးဝါး မိစ္ဆာတွေကို မောင်းထုတ်ဖို့ တစ်လူလူ ကြီးလွှင့်လို့ ။
မြတ်စွာဘုရားရဲ့ ရှေ့တော်မှောက်မှာတောင် အကြောပြိုင်းပြိုင်းထအောင် တင်းတင်း ကြီး ဆုပ်ထားတဲ့ အရှင်ဘုရားတို့ရဲ့ လက်သီးတွေ ဖြေလို့ရတော်မူပါရဲ့လား။
အံတင်းတင်းကြိတ်ထားတဲ့ အရှင်ဘုရားတို့ရဲ့ မေးရိုးကားကား တွေဘုရားရှင် ရှေ့မှောက် မှာတောင် ဖြေလျော့လေသလား ။
ဘုရားရှင်ရဲ့ရုပ်ထုကိုပဲ အကြောပြိုင်းပြိုင်းလက်သီးတွေ၊ လေးထောင့်စပ်စပ် မေးရိုး တွေနဲ့ ဦးညွှတ်နေတော်မူကြသလား။
မသိ၊ မသိတော့။ ကျွန်တော်ဘာမှမသိတော့ ၊ ဖြစ်မယ်ဆိုဘာမဆို ဖြစ်နိုင်တာပဲ။ ကျွန်တော်ကတော့…..
“ လွတ်လပ်ရေးသီဟနာဒ ၊ ခြင်္သေ့ဆီနဲ့မောင်းတဲ့ ခြေဖ၀ါး ”
ဒါတွေနဲ့ပဲ ဇန်န၀ါရီ(၄)ရက်ညကို ကျော်လွန်ခဲ့ရတယ်။ မအိပ်ခဲ့ရဘူးလို့ ပြောရင်ခင်ဗျားတို့ လည်းယုံမှာမဟုတ်။

ဇင်ဝေသော်
(အေ၊အို၊အေ၊ဘီ)

လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် စတုတ္ထနေ့ကြွချီ

ယနေ့တွင်လည်း သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့သည် မေတ္တာသုတ်ရွတ်ဆို ငြိမ်းချမ်းစွာလမ်းလျှောက်ကြွချီကြသည်မှာ သီဝတမြို့ ကီလိုမီတာ (၃၀)သို့ရောက်ရှိနေပါပြီ။ ဒီနေ့မှာ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ (၁၆)ကီလိုမီတာရှိသော မောရဓူရမြို့ သို့ ကြွချီလျှောက်လှမ်းမည်ဖြစ်ပါသည်။ ဇွမ်းမလျှော့ဘဲ ဤကဲ့သို့ဆက်လက် ကြွချီလျှောက်လမ်းသည်မှာ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးကို ရှေ့ရှုလျှက် မေတ္တာဓာတ်များကို လမ်းလျှောက်ရင်း ကမ္ဘာတစ်ဝန်းသို့ ပို့လွှတ်နေကြခြင်းဖြစ်ပါသည်။ မကြာမှီအတွင်း မှတ်တမ်းတင် ဓာတ်ပုံများ တင်ပေးသွားမည်ဖြစ်ပါသည်။

တတိယနေ့ ငြိမ်းချမ်းရေးလမ်းလျှောက်ကြွချီ

သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ၏ ခရီးရှည် ငြိမ်းချမ်းရေး လမ်လျှောက်ပွဲ တတိယနေ့ ခရီးစဉ်ကို ညအိပ်ရပ်နားရာ အလုတဂါမမြို့၊ ကန္ဒီဝိဟာရကျောင်းတိုက်ကြီးမှ မနက် (7:30) တွင် စတင်ခဲ့ပြီး ယခုအခါ ဘေရုဝေလမြို့အလွန် ကီလိုမီအမှတ် (၅၂) ကို ကျော်ဖြတ်ခဲ့ပြီး အိန္ဒိယ သမုဒ္ဒရာရဲ့ အေးမြသော လေကိုရှူရှိုက်ရင်း ခရီးဆက်နေကြပါတယ်။ ဒီနေ့မှာ ခရီ်းစဉ်ရဲ့ တ၀က်ကို ကျော်ဖြတ်ခဲ့ကြပြီးဖြစ်ပါတယ်။ ခရီးတင်မထွက်ခွါမီ တည်းခိုခဲ့ရာကျောင်းတိုက်အတွင်း ဘုရားအနေကဇာတင်၊ ဘုရားရှိခိုး၊ မေတ္တာဘာဝနာပွါးခြင်းများပြုလုပ်ခဲ့ကြပါသည်။ ကဲ စာဖတ် ပရိတ်သတ်များ အားပေးကြည်ညိုလိုက်ကြပါအုံး။ ဘုန်းဘုန်းတို့ ခရီးဆက်လိုက်အုံမယ်။ အခု မဟာကလ္လကဏ္ဍရွာမှာ ခရီးတစ်ထောက်နားရင်း အလှူရှင်တွေလှူဒါန်းတဲ့ အအေးဖျော်ရည်ကိုဘုန်းပေးနေကြတယ်။ ကီလိုမီတာအမှတ် (၄၉)။

ဒုတိယနေ့ ငြိမ်းချမ်းရေးလမ်းလျှောက်ကြွချီ

ဇွမ်းမလျှော့ဘဲ ဤကဲ့သို့ဆက်လက် ကြွချီလျှောက်လမ်းသည်မှာ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးကို ရှေ့ရှုလျှက် မေတ္တာဓာတ်များကို လမ်းလျှောက်ရင်း ကမ္ဘာတစ်ဝန်းသို့ ပို့လွှတ်နေကြခြင်းဖြစ်ပါသည်။ မကြာမှီအတွင်း မှတ်တမ်းတင် ဓာတ်ပုံများ တင်ပေးသွားမည်ဖြစ်ပါသည်။


ဟိက္ကဓူဝမြို့တွင်း ဆက်လက်လမ်းလျှောက်ကြွချီ

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့သည် ယခုအခါ ဟိက္ကဓူဝမြို့သို့ ရောက်ရှိပြီး မြို့တွင်းဝယ်ဆက်လက်လမ်းလျှောက်နေကြပါသည်။
သီရိလင်္ကာနိုင်ငံအာဏာပိုင်များကလည်း အစောင့်အရှောက်များကို လမ်းတစ်လျှောက်လုံး ချပေးထားကြသည်။ ဤကဲ့သို့ သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များ၏ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲသည် သီရိလင်္ကာနိုင်ငံတွင် ပထမဦးဆုံးဖြစ်ပါသည်။

ဟိက္ကဓူဝမြို့ဝင်ခါနီး

ငြိမ်းချမ်းလမ်းလျှောက်အဖွဲ့သည် ရာဂမဓူဝရွာမှထွက်ခွါလာပြီး ဟိက္ကဓူဝမြို့သို့ရောက်ရန် (၁) ကီလိုမီတာသာ လိုပါတော့သည်။ ဆက်လက်ချီတက်နေဆဲဖြစ်ပါသည်။

ရာဂမဓူဝရွာတွင် ခဏရပ်နား

ယခုအခါ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့သည် ဂေါမြိုနှင့်ဆယ်မိုင်ကွာ ရာဂမဓူဝရွာ (Ragamaduwa)သို့ ရောက်ရှိပြီး ထိုရွာတွင် နေ့လည် (၁၂)နာရီခန့်လောက် ဆွမ်းစားကြပြီး နေ့လည်(၁)နာရီခွဲခန့်တွင် ဟိက္ကဓူဝမြို့သို့ ဆက်လက်ချီတက်နေကြပါသည်။ လမ်းလျှောက်အဖွဲ့၏ ရောက်သောနေရာနှင့် မှတ်တမ်းဓာတ်ပုံများကိုလည်း ဆက်လက်တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။

ခရီးရှည်လမ်းလျောက်ပွဲ ဖွင့်ပွဲအခမ်းအနား




သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတောများအဖွဲ့မှ သံဃာတော် အပါး (၅၀) ကျော်တို့်သည် ယနေ့ နံနက် (၇:၀၀) အချိန်တွင် ဂေါမြို့ တရားရိပ်သာကျောင်းမှ မြို့တော်ခန်းးမသို့ မေတ္တာကိုယ်စီပွါးလျက် ကြွချီတော် ကြပါသည်။ နံနက် (၈:၀၀) နာရီအချိန်တွင် မြို့တော်ခန်းမရှေ့ ဘုရားရင်ပြင်တော်၌ ပြုလုပ်သော ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျှောက် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကျောင်းသား ရဟန်းတော် အပါး (၅၀) ကျော်နှင့်အတူ ဂေါမြို့ရှိ သံဃာ့နာယက ဆရာတော်ကြီး Ven. Chandakumara,Ven. Pannaratana အပါအ၀င် ဆရာတော်များ၊ ဂေါခရိုင် ရဲမှူးကြီး Mr. Keerthie. D- Silva (S. S. P) နှင့် အခြား တာဝန်ရှိသူများ၊ မြို့မိမြို့ဘများ စုစုပေါင်း ပရိတ်သတ် (၂၀၀) ကျော် တက်ရောကခဲ့်ကြပါသည်

အခန်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ကြွရောက်လာကြသော သံဃာတော်များနှင့် လူပရိတ်သတ်များက မြန်မာ့ငြိမ်းချမ်းရေး၊ ကမ္ဘာငြိမ်းချမ်းရေးအတွက် မေတ္တာသုတ်ရွက်ဆို၍ ဆုတောင်ပေးခြင်း၊ ပန်းဆီမီးများ ကပ်လှူဒါန်းခြင်းများကို ရှေးဦးစွာ ပြုလုပ်ခဲ့ကြပါသည်။

ထို့နောက် ကြွရောက်လာသော ဆရာတော်ကြီးများမှ အလှည့်ကျ မြန်မာ့ငြိမ်းချမ်းရေး ကမ္ဘာငြိမ်းရေှးနှင့်ဆိုင်သော မိန့်ခွန်းများကို မိန့်ကြားခဲ့ကြပါ သည်။ မိမိတို့ သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့မှ ပြောရေးဆိုခွင်ရှိသူ အရှင်သူရ၀ံသမှ သံဃာတောများကိုယ်စား ငြိမ်းချမ်းလမ်း လျှောက်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အပါအ၀င် အခြားမြန်မာ့ရေးရာများနှင့် ဆက်စပ်သော စကားများကို ပြောကြားခဲ့ပါသည်။

တဆက်တည်းမှာပဲ ယနေ့ ဇန်န၀ါရီလ (၄) ရက်နေ့သည် မြန်မာနိုင်ငံ၏ နှစ် (၆၀) မြောက် လွတ်လပ်ရေးနေ့ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီ လက်အောက်မှ လွတ်မြောက်ခဲ့သည်မှာ နှစ် (၆၀) ပြည့်ပါသော်လည်းပဲ၊ စစ်အာဏာရှင်စနစ်ဆိုး လက်အောက် ကျရောက်နေသည်မှာ ယနေ့တိုင် (၄၅) နှစ်ကျော်ကြာမြင့်ခဲ့ပြီးဖြစ် ပါသည်။ လက်ရှိစစ်အစိုးရသည် မြန်မာပြည်သူ ရဟန်းရှင်လူများအား လူသားချင်း စာနာမှုမရှိဘဲ မိမိတို့ စစ်အာဏာရှင်စနစ် တည်မြဲရေးတစ်ခုကိုသာ ဦးတည်၍ တိုင်းသူပြည်သားများအား ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်၍ အုပ်ချုပ်နေသော အစိုးရဖြစ်ပါသည်။ အထူးသဖြင့် လွန်ခဲ့သော စက်တင်ဘာလက ငြိမ်းချမ်းစွာ မေတ္တာဘာဝနာပွါး၍ ပြည့်သူ့ကိုယ်စား လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြသော ရဟန်းရှင်လူ (၃၀၀၀) ကျော်အား ဖမ်းဆီးခြင်း၊ ၄၀ နီးပါး သတ်ဖြတ်ခြင်းများကို လူမဆန်စွာ ပြုလုပ်ခဲ့ကြပါသည်။ မိမိတို့ ပြည်ပရောက် သံဃာတော်များအနေနဲ့ ဤကဲ့သို့ ငြိမ်းချမ်းစွာ လမ်းလျှောက်လိုက်ခြင်းဖြင့် မြန်မာ့အရေးကို ကမ္ဘာက ပိုမိုစိတ်ဝင်စားပြီး ငြိမ်းချမ်း စွာ ပါဝင်ကူညီနိုင်စေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ကြပါသည်။