ဗုဒ္ဓ၀ါဒ အဆုံးအမ၌
ငါတို့တည်၏၊ နေထိုင်၏ဟု
ကြွားဝါကြွေးကျော် ဂုဏ်ထုတ်ဖော်လည်း
မျိုးချစ်မပီ စစ်ဝါဒီတို့
မိစ္ဆာယူမှား ကျင့်ဖောက်ပြား၍
ရဟန်းသံဃာ ထေရ်များစွာနှင့်
မိမိသွေးသား ပြည်သူများကို
ဖမ်းဆီးနှိပ်ကွပ် သူတို့သတ်သည်
အာဏာယစ်မူး စစ်ဘီလူးတွေ။ ။
အာဏာယစ်မူး စစ်ဘီလူးတို့
ခေတ်အဆက်ဆက် ရက်စက်ယုတ်မာ
ကောင်းမွေမပါ အကျင့်ဗ်လာနှင့်
ပါးစပ်ကဘုရား လက်ကားယားမို့
လိမ်ညာလှည့်စား လူရမ်းကားကို
ဗုဒ္ဓဘာသာ မဟုတ်ပါဟု
သံဃာဆန္ဒ ဖော်ထုတ်ပြသည်
အများပြည်သူ သိပါစေ။ ။
စစ်ဝါဒီများ သိစေဖို့ဟု
မြန်မာပြည်သူ များရှင်လူတို့
ပြည်သူ့ဆန္ဒဖော်ထုတ်ပြကာ
အာဏာယစ်မူး စစ်ဘီလူးတို့
အလုပ်တစ်မျိုး အပြောတစ်မျိုးနှင့်
ပြည်သူတို့အား သူလှည့်စားလျက်
မီဒီယာမှ လိမ်ညာပြသည်
စစ်အာဏာရှင် ပြည်ဖခင်………တဲ့။ ။
စစ်အာဏာရှင် စစ်ဘုရင်ကား
ဘုရားရှိခိုးရာမှာ-
သေနတ်ပါမှ စိတ်ချ
အတ္တ၊ မာန လွန်ကဲ
မိုက်မဲချက်က ကန်းကုန်
တပ်မတော်ကြီးကို ခုတုံးလုပ်
ရက်စက်ယုတ်မာလွန်းတာကြောင့်
ကိုယ်ကျိုးရှာ အာဏာရူးတို့ကို
သစ္စာခံသင့် မခံသင့်
ဇာနည်သွေးတို့ စဉ်းစားသင့်ပြီ။ ။
မသထာရေစာ
ပြည်ဝမ်းစာကို သိမ်းကျုံးယူ
သူတော်ကောင်းအယောင်ဆောင်
ဟန်ဆောင်ဗန်းပြ အလှူဒါနတွေနဲ့
နယ်ချဲထုံးကို နှလုံးမူလို့
အမျိုးဘာသာ သာသနာတော်ကိုပါ
မထောက်မညှာ စော်ကားလာတာကြောင့်
ပြည်ချစ်သူ ဇာနည်သွေးတို့ရေ
တော်လှန်ရေးကြီးစသင့်ပြီ။ ။