သုခါ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ။ (ဓမ္မပဒ)
သံဃာတွေရဲ့ ညီညွတ်မှုဟာ ချမ်းသာတဲ့ အကျင့်ကောင်းတစ်ခုပါပဲလို့ ဓမ္မပဒမှာ မြတ်စွာဘုရားက ဟောထားခဲ့ပါတယ်။ ဒီနေရာမှာ အဋ္ဌကထာဆရာက သံဃာဆိုတဲ့ပုဒ်ကို သမ္ဗာဟုလာလို့ဖွင့်ဆိုပါတယ်။ ဒါဆိုရင် အထက်ပါဂါထာကို ဒီလိုအနက်ပြန်ရင်လည်း သင့်တော်ပါလမ့်မယ်။ အများစုပေါင်းနေတဲ့ လူသားကမ္ဘာကမ္ဘာကြီး ညီညီညွတ်ညွတ်ရှိခြင်းဟာ ချမ်းသာတဲ့ အကျင့်ကောင်းဖြစ်ပါ တယ်။
လူသားကမ္ဘာကြီး ဖွံဖြိုးတိုးတက်မှုမှာ ညီညွတ်မှုဆိုတဲ့ အင်အားဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုက ပါဝင်တပတ်သတ်နေပါတယ်။ မှန်ပါတယ် အိမ်တစ်အိမ်မှာနေတဲ့ လူတွေမညီညွတ်ကြရင် အဲဒီအိမ်ဟာ တစ်ခြားမိသားစုတွေရဲ့ ယုံကြည်မှုကို ခံရမှာ မဟုတ်ပါဘူး။ ဒီအိမ်မှာနေတဲ့သူတွေ တစ်ယောက်နဲ့တစ်ယောက် မည်သူမှ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရဲကြမှာမဟုတ်ပါဘူး၊ ဘာကြောင့်လည်းဆိုရင်တော့ ဒီအိမ်မှာ တာဝန်ခံပေးမည့်လူမရှိလို့ဖြစ်ပါတယ်။ ဒါဆိုရင် ဒီအိမ်ဟာ စီးပွါရေး တိုးတက်သင့်သလောက် မတိုးတက်နိုင်တော့။ ရွာတစ်ရွာမှဖြစ်စေ၊ မြို့တစ်မြို့မှာဖြစ်စေ၊ ထိုရွာ၊ ထိုမြို့ကလူတွေ တစ်ယောက်နဲ့တစ်ယောက် ညီညွတ်မှုမရှိကြ၊ ယုံကြည်ချက်မရှိကြတဲ့အတွက် စီးပွားရေး၊ ပညာရေးတွေဟာ အခြားမြို့ရွာတွေလောက် တိုးတက်မှာမဟုတ်တော့ဘူး။
တိုင်းပြည်တစ်ပြည်ကိုလည်းကြည့်ပါဦး၊ အဲဒီတိုင်းပြည်မှာ မင်းနဲ့ပြည်သူတွေ မညီညွတ်ကြ၊ တစ်ဦးနဲ့တစ်ဦး ယုံကြည်ချက်မရှိကြဘူးဆိုရင် အဲဒီတိုင်းပြည်ကို ဘယ်သူက အထင်ကြီးမှာလဲ၊ ဘယ်သူက အဲဒီတိုင်းပြည်နဲ့ အတူတကွလက်တွဲပြီး စီးပွါးရေး၊ ပညာရေးတွေ ဆောင်ရွက်ရဲမှာလဲ။
“ဥစ္စာ ပညာရှာသောခါဝယ်၊ တိုင်းပြည်သာယာရှိသောခါမှ သိသာလှ၏” လို့ မဃဒေ၀ဆရာတော်ကလည်း ဆိုထားပါတယ်။ သြော် ဒို့တိုင်းပြည်မသာယာတာဟာ အရင်းစစ်လိုက်တော့ မညီညွတ်လို့ပါလားလို့ သွားတွေးမိတယ်။ မညီညွတ်တာလည်း ဘာကြောင့်လည်းဆိုတော့ တစ်ဦးနဲ့တစ်ဦး မေတ္တာတရားခေါင်းပါးကြလို့ပါလားလို့ ထပ်တွေးမိတယ်။ တစ်ဦးနဲ့ တစ်ဦး ကြီးနိုင် ငယ်ညှင်းမရှိကြပဲ အပြန်အလှန် သူတစ်ပါး အကျိုး ကိုယ့်အကျိုးကြည့်ပြီး ပြုလုပ်သွားကြရင် တိုင်းပြည်အတွက် ပိုပြီးအကျိုးများမှာ ဖြစ်ပါတယ်။
တစ်ဦးနဲ့တစ်ဦး ကာယကံ မေတ္တာ၊ ၀စီကံမေတ္တာ၊ မနောကံမေတ္တာတွေ ကိုယ်စီထားနိုင်ကြပြီး ရပ်ရေးရွာရေး၊ ဘာသာသာသနာအရေး၊ တိုင်းပြည်အရေးတွေကို ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း . . . .
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊
ဒို့မေတ္တာစွမ်း ကမ္ဘာလွမ်း အေးချမ်းကြပါစေ။
ပါရမီ