သီရိလင်္ကာနိုင်ငံမှ ဂုဏ်ယူဖွယ်ရာကျောင်းတော်ကြီးများ

သီရိလင်္ကာနိုင်ငံရှိ မြန်မာကျောင်းတော်ကြီးများကို စတင်တည်ထောင်တော်မူခဲ့သော သာသနာပြုပုဂ္ဂိုလ်ထူးမှာ မွန်ပြည်နယ် မော်လမြိုင်ဇာတိဖွား ဆရာတော် ဘဒ္ဒန္တ၀ိနယာလင်္ကာရမဟာထေရ်မြတ်ပင် ဖြစ်ပါသည်။ ဆရာတော်သည် ခရစ်နှစ်-၁၉၀၁-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ စတင်ကြွရောက်၍ သာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်တော် မူခဲ့သည်ဟု သိခဲ့ရပါသည်။ ဆရာတော် ဘဒ္ဒန္တ၀ိနယာလင်္ကာရ မဟာထေရ်မြတ် (အေဒီ-၁၈၇၈-၁၉၅၉)သည် သီရိလင်္ကာနိုင်ငံတွင် ကျောင်းတိုက်ကြီး(၅)တိုက်ကို တည်ထောင်တော် မူခဲ့သည်ဟုဆိုပါ သည်။ ယင်းကျောင်းတိုက်ကြီးများမှာspan id="fullpost"

(က) သိရီလင်္ကာရ မဟာမကုဋာရာမကျောင်းတိုက်၊ အပိုင်း(၉)၊ ကိုလံဘိုမြို့။
(ခ)သိရီဝိနယာလင်္ကာရာမကျောင်းတိုက်၊ အပိုင်း(၈)၊ ကိုလံဘိုမြို့။
(ဂ)သိရီဝိနယာလင်္ကာရာမကျောင်းတိုက်၊ ပေါက္ကုနုတမြို့။
(ဃ)သိရီဝိနယာလင်္ကာရာမကျောင်းတိုက်၊ ကန္ဒီမြို့နှင့်
(င)သိရီဝိနယာလင်္ကာရာမကျောင်းတိုက်၊ အနုရာဓပူရမြို့တို့ဖြစ်ကြပါသည်။

ဖော်ပြပါ ကျောင်းတိုက်ကြီးငါးတိုက်အနက် အမှတ် (ခ) နှင့် (ဂ)တို့မှအပ အခြားသော ကျောင်းတိုက်ကြီး (၃) တိုက်တွင် မြန်မာသံဃာတော်များ စဉ်ဆက် မပြတ် သီတင်းသုံးနေထိုင်ကာ ထိမ်းသိမ်းစောင့်ရှောက်လျက်ရှိနေကြသည်ကို ဖူးတွေ့ရသဖြင့် ၀မ်းမြောက်ဂုဏ်ယူရပါသည်။ ဤတွင် အလျဉ်းသင့်သဖြင့် သီရိလင်္ကာရောက် မြန်မာသံဃာတော်အရှင်မြတ်များနှင့် မြန်မာအများစု၏ အဓိကမှီခိုအားထားရာ ဌာနကြီးသုံးခုတွင် တစ်ခုအပါအ၀င်ဖြစ်သော ကိုလံဘို (၉) ရှိ မကုဋာရာမမြန်မာကျောင်းတိုက်ကြီး၏ သမိုင်းနောက်ခံကို တစေ့တစောင်းအဖြစ် လေ့လာတင်ပြလိုပါသည်။

မကုဋာရာမမြန်မာကျောင်းတိုက်ကြီးကို သာသနာတော်နှစ် (၂၄၈၆)၊ ခရစ်နှစ် ၁၉၂၄ တွင် စတင်တည်ထောင်ခဲ့ပါသည်ဟု သိရပါသည်။ သို့ဖြစ်ရာ ကျောင်းတိုက်ကြီး၏ သက်တမ်းမှာ နှစ်ပေါင်း (၈၀) ကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပေ သည်။ သီရိလင်္ကာနိုင်ငံသည် ၁၉၈၄ ခုနှစ်ရောက်မှ လွတ်လပ်ရေးရရှိခဲ့ရာ ကျောင်းတိုက်တည်ထောင်ခဲ့သောကာလမှာ ကိုလိုနီခေတ်ဖြစ်နေသည်ကို တွေ့ရပါသည်။

ပထမကျောင်းတိုက်တည် ဆရာတော်ကြီး ဘဒ္ဒန္တ၀ိနယာလင်္ကာရ မဟာထေရ်မြတ်သည် နိုင်ငံခြားသာသနာပြုသက်တမ်း နှစ် (၅၀) ကျော်ကာလ အတွင်းတွင် သီရိလင်္ကာနိုင်ငံ၌ ကျောင်းတိုက်ကြီး (၅) တိုက်ကို တည်ထောင် တော်မူနိုင်ခဲ့ပါသည်။ ထို့ပြင် ဆရာတော်ကြီး ဘဒ္ဒန္တသိဂ္ဂ၀ထေရ်နှင့် ဆရာတော် ဘဒ္ဒန္တ သုမနသာဂရ မထေရ် (ယခု ဒဂုံမြို့ သစ်၊ ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျဉ်မြို့တော်၊ ကန္ဒီမြန်မာကျောင်းဆရာတော်) အစရှိသော ပြည်တွင်း ပြည်ပ သာသနာပြုတပည့်ပေါင်းများစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ (ဆရာတော် ဘဒ္ဒန္တသိဂ္ဂ၀မထေရ်သည် ပီနန်ဆရာတော်ကြီးနှင့် လက်တွဲကာ မိမိ၏ ပြည်ပသာသနာပြု အတွေ့အကြုံများကို သံဃာတော်များအား မဟာသန္တိသုခကျောင်းတော်ကြီး၌ သင်ကြားပို့ချပေးနေစဉ် ကျောင်းတိုက်ကို နအဖမှ သမ်းယူလိုက်သဖြင့် ကျောင်းတော်ကြီးမှ ညတွင်းချင်း နှင်ချခံခဲ့ရသည်။) ဆရာတော် ၀ိနယာလင်္ကာရ မဟာထေရ်နှင့် အိန္ဒယနိုင်ငံ ကုသိန္နာရုံဆရာတော် ကြီး ဘဒ္ဒန္တ စန္ဒြမုနိမဟာထေရ် (ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ပေါက်ပင်ကုန်းရွာဇာတိ) တို့မှာ ခေတ်ပြိုင်ဖြစ်သည်ဟုသိရသည်။ ဖော်ပြပါ ဆရာ တော်ကြီးနှစ်ပါးမှာ ဆင်းရဲဒုက္ခမျိုးစုံကို ကြံ့ကြံ့ခံရင်း ဘ၀နတ်ထံပျံလွန်တော်မူ သည့်တိုင်အောင် ပြည်ပြတွင် သီတင်းသုံး နေထိုင်သွားကြသော မြန်မာပြည်၏ သားကောင်းရတနာများပင်ဖြစ်သည်။

သီရိလင်္ကာရှိ မြန်မာကျောင်းတိုက်ကြီးများကို စတင်တည်ထောင်တော်မူခဲ့သော ဆရာတော် ဘဒ္ဒန္တ၀ိနယာလင်္ကာရ မဟာထေရ်မြတ်သည် မိမိ၏ သာသနာပြုအ မွေများကို ဆက်ခံနိုင်ရန် ဆရာတော် ဘဒ္ဒန္တသိဂ္ဂ၀ထေရ်အား ၁၉၄၁ နှစ်မှစ၍ တွဲဖက်စောင့်ရှောင့်စေခဲ့ပြီး ၁၉၅၁ ခုနှစ်တွင် တရားဝင်လွှဲပြောင်း လှူဒါန်းခဲ့သည် ဟု သိရသည်။ မကုဋာရာမ မြန်မာကျောင်းတိုက်၏ ပထမတိုက်တည်ဆရာတော် ကြီး ၁၉၅၉ ခုနှစ်တွင် ဘ၀နတ်ထံပျံလွန်တော်မူသောအခါ ဆရာတော် ဘဒ္ဒန္တ သိဂ္ဂ၀မထေရ်မှာ ကျောင်းထိုင်ဆရာတော်ဖြစ်လာခဲ့ပါသည်။ မကုဋာရာမမြန်မာ ကျောင်းတိုက်၏ ဒုတိယမြောက်ဆရာတော် ဘဒ္ဒန္တသိဂ္ဂ၀မထေရ်သည် ၂၀၀၇ ခုနှစ် သြဂုတ်လတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တိစန္ဒ၀ိဟာရကျောင်း၌ ဘ၀နတ်ထံပျံလွန်တော်မူသွားပြီးဖြစ်ပါသည်။

မကုဋာရာမမြန်မာကျောင်းတိုက် ကြီးမှာ သက်တမ်းနှစ်ပေါင်း (၈၀) ကျော်ကြာ မြင့်ခဲ့ပြီဖြစ်သဖြင့် ယိုယွင်းပျက်စီးလာသည်ကို ပြည်ပရောက်မြန်မာနိုင်ငံသားများ စုစည်းဖွဲ့စည်းထားသော “ဒါနသိရီလင်္ကာအသင်း” ၏ ဦးဆောင်မှုဖြင့် ၂၀၀၁ ခှုစ်မှစတင်ကာ ထိန်းသိမ်း ပြုပြင် မွမ်းမံမှုများ ပြုလုပ်ဖူးသည်ဟု သိရပါသည်။ သို့သော် ကျောင်းတိုက်ကြီးမှာ ဆက်လက်၍ ပြုပြင်မွမ်းမံ ထိန်းသိမ်းရန် လိုအပ်နေဆဲဖြစ်သည်ကို တွေ့ရပါသည်။

၂၀၀၀ပြည့်နှစ်နောက်ပိုင်းမှစ၍ မြန်မာသံဃာတော်များသည် သီရိလင်္ကာနိုင်ငံသို့ ကြွရောက်၍ ပညာသင်ယူဆည်းဖူးကြသည်မှာ တစ်နှစ်ထက်တစ်နှစ် တိုးတက် များပြားလာသဖြင့် မကုဋာရာမမြန်မာကျောင်းတိုက်အတွင်း နေရာအခက်အခဲ ဖြစ်ကြရပါသည်။ ထို့ကြောင့် မြန်မာသံဃာတော်များမှာ ဒေသခံ သီရိလင်္ကာဘုန်းတော်ကြီးကျောင်းများတွင် မှီတင်းနေထိုင်ကာ ပညာသင်ယူဆည်းဖူးကြရပါသည်။

ပြည်တွင်းပြည်ပသာသနာပြု ပီနန်ဆရာတော်ကြီး ဘဒ္ဒန္တ ပညာဝံသမဟာထေရ်သည် သီရိလင်္ကာရောက် ပညာတော်သင် မြန်မာသံဃာတော်များ၏ နေရာအခက်အခဲကို ကူညီဖြေရှင်းလိုသော ဆန္ဒဖြင့် မကုဋာရာမမြန်မာကျောင်းတိုက်အတွင်း၌ တိုးချဲ့ကျောင်းဆောင်သစ်ကြီးတစ်ဆောင် ဆောက်လုပ်ရန် ၁၉၉၄ ခုနှစ်က စီစဉ်ခဲ့ဖူးဟု သိရပါသည်။ သို့ရာတွင် တိုးချဲ့ကျောင်းဆောင်သစ်မှာ အကြောင်း အမျိုးမျိုးကြောင့် အပြီးသို့မရောက်နိုင်ဘဲ လုပ်ငန်းတစ်ပိုင်းတစ်စဖြင့် ရပ်တန့်ထား ခဲ့ရပါသည်။ ပီနန်ဆရာတော် ဘဒ္ဒန္တပညာဝံသထေရ် ဦးဆောင်၍ ၁၉၉၄ က ဆောက်လုပ်ခဲ့သော တိုးချဲ့ကျောင်းဆောင်သစ်ကြီးကို ဆရာတော်ကြီး၏ သြ၀ါဒနှင့်အညီ မူလအလှူရှင်များနှင့် ဒါနသီရိလင်္ကာအသင်းတို့ ပူးပေါင်း၍ ၂၀၀၅ ခုနှစ်တွင် ပြန်လည်စတင်နိုင်ခဲ့ရာ ယခုအခါ လုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး နေပြီးဖြစ်သည်ကို ၀မ်းမြောက်ဝမ်းသာတွေ့ရှိရပါသည်။ တိုးချဲ့နှစ်ထပ်ကျောင်း ဆောင်ကြီး ရာနှုန်းပြည့်စုံပြီးစီးသွားပါက သီရိလင်္ကာရောက် ပညာတော်သင် မြန်မာသံဃာတော်များကြီး၏ နေရာအခက်အခဲကို အတိုင်းအတာတစ်ခုထိ ဖြေရှင်းပေးနိုင်တော့မည်ဖြစ်ပါကြောင်း ၀မ်းမြောက်ဖွယ်ရာ တင်ပြလိုက်ရပါသည်။

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု
နေ၀န်းနီ

ကိုးကားသောစာစုများ
၁။ သီရိလင်္ကရှိမြန်မာကျောင်းတိုက်ကြီးများ၏ စည်းမျဉ်းဥပဒေ၊ ၁၉၉၄
၂။ သီဟိုဠ်လင်းရောင်ခြည်။ အသျှင် ဇာဂရဗုဒ္ဓိ၊
၃။ ဒါနသီရိလင်္ကာအသင်း နှစ်ပတ်လည်စာစောင်များ၊




/span>